မကောင်းတဲ့အတွေးတွေကိုပဲ ထပ်ခါတလဲလဲ တွေးနေတတ်ခြင်း (Rumination)
Rumination လုပ်တာကို Over-thinking ဖြစ်ရုံလေးပဲလို့ ခေါင်းစဉ်တတ်တဲ့သူတွေ များလာကြတာကို သတိထားမိပါတယ်။ Over-thinking လို့ခေါ်တဲ့ အတွေးလွန်တယ်ဆိုတာ အတွေးတစ်ခု၊ နှစ်ခုလောက်ကိုပဲ တောင်စဉ်ရေမရ အရှည်ကြီးတွေးတတ်တဲ့ အလေ့အကျင့်ဖြစ်ပြီး အခုဆောင်းပါးမှာ ရှင်းပြပေးမယ့် Rumination ကတော့ မကောင်းတဲ့အတွေးတွေကိုပဲ ကြိမ်ဖန်များစွာ ပြန်တွေးပြီး ကိုယ့်စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အလေ့အကျင့်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။
Rumination ဆိုတာ စိတ်ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲတဲ့ ရောဂါတွေ ခံစားနေရတဲ့အခါ တွဲဖက်လက္ခဏာအနေနဲ့ မကောင်းတဲ့အတိတ်က ဖြစ်ရပ်တွေကို ခဏခဏပြန်တွေးပြီး လက်ရှိမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အပျက်သဘောကနေ ကြည့်လာကြတတ်ပါတယ်။ Rumination နဲ့ Over-thinking ကွာသွားတဲ့အချက်က Over-thinking သမားတွေက အတွေးပေါင်းစုံကို ရိုးရိုးတန်းတန်းပဲ တွေးလိုက်တာဖြစ်ပြီး ဒီအတွေးနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ပြဿနာတွေ သိပ်မဖြစ်စေပါဘူး။
Rumination လုပ်တဲ့သူတွေကတော့ မကောင်းတဲ့အတွေးတွေကို ရည်ရွယ်ချက်ရှိရှိ တွေးလိုက်တဲ့အပြင် ဒီအတွေးကနေ မထွက်တော့ဘဲ ဒါကိုထပ်ခါတလဲလဲတွေးတယ်၊ ကိုယ့်အတွေးကို သုံးသပ်ရင်းကနေ ပိုဆိုးတဲ့ရလဒ်တွေ၊ အဖြေတွေပေးတယ်၊ စိတ်ထဲ ဒီအတွေးတွေကို စွဲကျန်စေပြီး ထပ်မတွေးဘဲမနေနိုင်လောက်အောင် လူကို ဒုက္ခဖြစ်စေနိုင်ပါတယ်။
ဘယ်အရာတွေက Rumination ဖြစ်စေတာလဲ
ဖြစ်စေတဲ့အကြောင်းရင်းကတော့ အမျိုးမျိုးရှိနိုင်ပေမယ့် အဖြစ်များတာတွေကို ပြောပြပေးရမယ်ဆိုရင်
- စိတ်ပိုင်းဆိုင်ရာမှာ စိတ်ဒဏ်ရာရခဲ့ဖူးတာ
- မတော်တဆထိခိုက်မှုနဲ့ ကြုံခဲ့ရတာ
- လက်ရှိမှာ စိတ်ဖိစီးစရာကိစ္စတွေနဲ့ ဆက်တိုက်ဖြေရှင်းနေရတာ
- ပြီးပြည့်စုံအောင် ကောင်းလွန်းနေမှ ကြိုက်တတ်တာ
- အချစ်ရေးကို လိုတာထက်ပိုပြီး ဦးစားပေးပြီး သူများအချစ်ရေးနဲ့ နှိုင်းယှဉ်တတ်တာ စတဲ့သူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။
Rumination ကို ဘယ်လိုထိန်းချုပ်လို့ရမလဲ
၁။ ကိုယ့်ရဲ့အတွေးစက်ဝန်းတွေကို ဖျောက်ဖို့ ကိုယ့်စိတ်ကို တခြားဘက်ကို အာရုံလွှဲလိုက်လို့ ရပါတယ်။ အလုပ်၊ ကျောင်းစာ၊ ဝါသနာပါတာ၊ အိမ်တာဝန်၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ အနီးပတ်ဝန်းကျင်မှာ လမ်းထွက်လျှောက်တာ အစရှိသဖြင့် လုပ်ပေးနိုင်ပါတယ်။
၂။ ကိုယ်တွေးနေတဲ့အကြောင်းအရာရဲ့ အဓိကပြဿနာကို ချရေးပြီး ဒီပြဿနာကို ဖြေရှင်းလို့ရမယ့်အဖြေကို သုံးသပ်ပါ။ ကိုယ်ဖြေရှင်းမရတဲ့အရာတွေဆိုရင် တခြားသူတွေကို အကူအညီတောင်းတာဖြစ်စေ လုပ်လို့ရပါတယ်။ ပြဿနာကို အဖြေရှာလိုက်ခြင်းက မလိုအပ်တဲ့အတွေးတွေ ထပ်ပြီးမဝင်လာအောင် ကူညီပေးနိုင်ပါတယ်။
၃။ မိမိကိုယ်ကို ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုကို မလိုအပ်ဘဲ ပြန်တွေးရင်း ငေးငိုင်နေတဲ့ အပြုအမူတွေ လုပ်လေ့လုပ်ထမရှိပါဘူး။ ဆုံးဖြတ်ချက်တွေ ပြတ်သားပါ၊ ကိုယ်လုပ်ခဲ့တဲ့အရာအတွက် ရဲရဲရင့်ရင့် တာဝန်ယူပါ။
၄။ တရားထိုင်တာ၊ ယောဂကျင့်တာလိုမျိုး စိတ်နဲ့ ခန္ဓာလေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ ဘာသာရေး၊ အလှအပအတွက်တင်မဟုတ်ဘဲ စိတ်ကို အာရုံစူးစိုက်နိုင်စေပြီး မလိုအပ်တဲ့ အတွေးတွေ ဝင်မလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။
၅။ ရင်းနှီးတဲ့သူတွေ၊ ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရသူကို ကိုယ့်ရင်ထဲက အတွေးတွေ၊ ပြဿနာတွေကို အမြဲပြောပြပါ။ တချို့ကိစ္စတွေမှာ ကိုယ်တစ်ယောက်တည်း ဖြေရှင်းမှ ဖြစ်နိုင်မှာဆိုပေမယ့် အေးအတူ၊ ပူအမျှ ဆိုသလိုပဲ ကိုယ့်မှာပူစရာတွေ ရှိလာတဲ့အခါ တခြားသူတွေကို ဝေမျှပေးခြင်းက ကိုယ့်အတွက် အပူလျော့စေသလို တခြားသူတွေမှာလည်း ဒီအပူကို လျှော့ချပေးနိုင်မယ့် အဖြေတွေ ရှိကောင်းရှိနိုင်ပါတယ်။
၆။ တခြားသူတွေနဲ့ မလိုအပ်ဘဲ နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့။ ကြီးပြင်းလာတဲ့ ဘဝပတ်ဝန်းကျင်ချင်း လုံးဝမတူညီတဲ့အတွက် ကိုယ့်ဘဝနဲ့ကိုက်ညီတဲ့ ရည်မှန်းချက်၊ အိပ်မက်တွေကိုပဲ အာရုံစူးစိုက်ရင်း ဖြစ်မြောက်အောင် အကောင်းဆုံးကြိုးစားပါ။
အကယ်လို့ ဒီလိုမကောင်းတဲ့အတွေးတွေကို ထိန်းချုပ်မရအောင် ဝင်နေတယ်၊ ဒါမှမဟုတ် ဒီအကျင့်ကို ဖျောက်ချင်တယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သင့်တော်တဲ့ စိတ်ကုထုံးတွေနဲ့ ကုသနိုင်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်